၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်။
၁။ သတင်းမီဒီယာ၏ အခြေခံအကျဆုံး တာဝန်ဝတ္တရားမှာ ဖြစ်ရှိနေသည့် အဖြစ်အပျက်များ၊ ဖြစ်ပွားလတ္တံ့ အဖြစ်အပျက်များနှင့် ပတ်သက်သည့် သတင်းအချက်အလက် စုစည်း၍ အများပြည်သူထံ ဖြန့်ဝေအသိပေး ခြင်းနှင့် တရားမျှတမှု၊ တန်းတူညီမျှမှု အခွင့်အရေးတို့အတွက် မသမာမှု၊ မတရားမှုများကို စုံစမ်းဖော်ထုတ် တင်ပြခြင်းတို့ ဖြစ်ပါသည်။
၂။ အထက်ပါ အခြေခံတာဝန် ၂ရပ်အနက် ပထမ တာဝန်ဖြစ်သော သတင်းအချက်အလက် စုစည်း၍ အများ ပြည်သူ အကျိုးအလို့ငှာ တင်ပြပေးသည့် လုပ်ငန်းတာဝန်ကို ကျေပြွန်စွာ ဆောင်ရွက်နိုင်ရန် သတင်းလွတ် လပ်ခွင့်သည် မရှိမဖြစ် အရေးပါသည့် လိုအပ်ချက် ဖြစ်ပါသည်။
၃။ ယခု လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်း၊ ပဲခူး တိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ နေပြည်တော် ဒေသများတွင် ရေဘေးအန္တရာယ် ကျရောက်လျက်ရှိသည့် အခြေအနေမျိုးတွင် သတင်းလွတ်လပ်ခွင့်သည် အသက်တမျှ အရေးကြီးကြောင်း ပိုမိုပေါ်လွင်ထင်ရှားလာပါသည်။
၄။ မြန်မာနိုင်ငံအတွင်း ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင် အသိပေးနှိုးဆော်ချက်၊ သက်ဆိုင်ရာ မြို့အလိုက်၊ ကျေးရွာအလိုက် လိုအပ်သည့် ကြိုတင် အသိပေးနှိုးဆော်ချက် လုပ်ဆောင်မှု အားနည်းချက်များ သည် ယင်းဒေသတွင် နေထိုင်သည့် ပြည်သူလူထုအနေဖြင့် ရုတ်တရက် အန္တရာယ်ကျရောက်မှု ဖြစ်စေပြီး အသက်ဆုံးရှုံးမှုများ ပိုမိုဖြစ်ပွားစေသည်ကို တွေ့ရှိရပါသည်။
ယခုလို ရေဘေးနှင့် မြေပြိုသည့် အန္တရာယ် မကျရောက်မီနှင့် ကျရောက်ပြီးအချိန်ကာလများတွင် သတင်းမီဒီ ယာသမားများအနေဖြင့် သတင်းအဖြစ်အပျက် ဖြစ်ပွားရာနေရာများသို့ သွားရောက်သတင်းရယူပိုင်ခွင့်၊ သတင်းပေးပို့နိုင်ခွင့်သည် သဘာဝဘေးအန္တရာယ် ကာကွယ်မှု၊ ကူညီကယ်ဆယ်မှုတို့ကို ပိုမိုကောင်းမွန်စေပြီး လူအများ၏ အသက်အိုးအိမ်ပိုင်ဆိုင်မှု၊ အသက်မွေးဝမ်းကျောင်း ဆုံးရှုံးမှုတို့ကို လျော့နည်းအောင် ဖြစ်ပေါ်စေ မည် ဖြစ်ပါသည်။
၅။ စစ်အာဏာသိမ်းပြီး သီတင်းပတ် အနည်းငယ်မှ စတင်၍ စစ်ကောင်စီအနေဖြင့် သတင်းဌာနများကို လိုင်စင်ပိတ်သိမ်းခြင်း၊ သတင်းဌာနရုံးခန်းများနှင့် သတင်းသမားနေအိမ်အချို့ကို ဝင်ရောက်စီးနင်းခြင်း၊ သတင်းသမားများကို ဖမ်းဆီးခြင်း၊ မဆီလျော်သည့် ပုဒ်မများဖြင့် မတရား ပြစ်ဒဏ်ချမှတ်ခြင်း၊ သတင်းဌာန ပိုင် ပစ္စည်းသိမ်းယူခြင်းတို့ကို လုပ်ဆောင်ခဲ့ခြင်းက သတင်းမီဒီယာများအနေဖြင့် ပြည်တွင်းတွင် အခြေစိုက် ရန် မဖြစ်တော့သည့် အခြေအနေကိုရောက်ရှိစေခဲ့ပြီး ယခုလို သဘာဝဘေးအန္တရာယ် ကျရောက်ချိန်ကာလ မျိုး၌ သတင်းမီဒီယာ၏လုပ်ငန်းကို ပြည့်ပြည့်ဝဝ မလုပ်ဆောင်နိုင်ကြောင်း တွေ့ရှိရပါသည်။
၆။ သို့ဖြစ်ပါ၍ စစ်ကောင်စီအနေဖြင့် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်သည့်လုပ်ရပ်များဖြစ်သည့် လိုင်စင် ပိတ်သိမ်းခြင်း၊ သတင်းသမားများကို ဖမ်းဆီးခြင်းတို့ကို အမြန်ဆုံး ရပ်တန့်ပြီး ဖမ်းဆီးထားသည့် သတင်း သမားများကို အမြန်ဆုံး ပြန်လည်လွှတ်ပေးရန်၊ အများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို တာဝန်ခံမှုရှိစွာ သတင်းသမားများ သတင်းရယူခွင့်ရှိစေရန်၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့် နေရာ ဒေသများတွင် သတင်းသမားများအနေဖြင့် လွတ်လပ်စွာ သတင်းရယူခွင့်ရှိရန် အလေးအနက် တောင်းဆိုပါ သည်။
၇။ ထို့အပြင် သဘာဝဘေးအန္တရာယ် ကျရောက်ရာ အရပ်ဒေသများတွင် အင်တာနက်၊ ဖုန်းလိုင်းများ စသည့် ဆက်သွယ်မှုများကို ဖြတ်တောက်ခြင်းသည်လည်း ဘေးအန္တရာယ်ကြောင့် အသက်ဘေးအန္တရာယ် ကြုံတွေ့ နေရသူများအနေဖြင့် အကူအညီတောင်းခံခြင်း မပြုနိုင်ဘဲ ကယ်တင်သူမဲ့ကာ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ် စေသဖြင့် သဘာဝဘေးအန္တရာယ်ကြောင့်မဟုတ်ဘဲ အင်တာနက်ဖြတ်တောက်ခြင်းများကို လုပ်ဆောင်ခြင်း မပြုရန်လည်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ အထူးအလေးထားကာ တောင်းဆို လိုက်သည်။
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)
ဆက်သွယ်ရန်-
နန်းဖော့ဂေ (ဥက္ကဌ) – ၀၉၂၆၀၆၇၆၃၁
တိုးဇော်လတ် (အတွင်းရေးမှူး) – ၀၈၀၆၈၃၄၂၄၀