ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်
၁။ မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ မတရားဖမ်းဆီးထောင်ချခံထားရသူများထဲမှ အကျဉ်းသားအချို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက် လွတ်လပ်ရေးနေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ထိုသို့ ပြန်လည်လွတ်မြောက်လာသူ အကျဉ်းသားများထဲတွင် သတင်းမီဒီယာသမားများဖြစ်သော ကိုကောင်းဆက်လင်း (MPA)၊ ကိုထွန်းသန်းအောင်နှင့် ကိုတိုးအောင် (မဲခေါင်သတင်းဌာန၊ သတင်းထောက်ဟောင်း)တို့ သုံးဦး ပါဝင်ကြောင်း သိရှိရသည်။
၂။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ယနေ့အထိ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်း ထောင်ချခံခဲ့ရသူ သတင်း သမား စုစုပေါင်း (၁၇၀)ဦးရှိသည့်အနက် (၁၁၈)ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန်သတင်းသမား (၅၂)ဦးမှာ နိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် ထောင်ဒဏ်ကျခံနေရဆဲဖြစ်သည်။
၃။ သတင်းသမားများ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ သတင်းရယူတင်ဆက်ခြင်းသည် တည်ဆဲဥပဒေ/ နိုင်ငံတကာ ဥပဒေများနှင့်အညီ ပြည်သူတို့ သတင်းရယူသိရှိပိုင်ခွင့် (Right to information) ကို တရားဝင်လုပ်ဆောင်ပေးခြင်း သာဖြစ်သည်။ ထို့ကြောင့် လွတ်လပ်စွာသတင်းရယူတင်ဆက်ခြင်းကို ဟန့်တားမှုဖြစ်စေသည့် မည်သည့် တားဆီး နှောက်ယှက်မှု/ဖမ်းဆီးထောင်ချမှုများကိုမဆို ပြင်းထန်စွာရှုံ့ချပြီး မတရားဖမ်းဆီးခံထားနေရဆဲဖြစ်သော သတင်း သမားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က တောင်းဆိုသည်။
၄။ “Journalism is not a Crime.” သတင်းသမားများ သတင်းရေးသားဖော်ပြခြင်းသည် ပြစ်မှုကျူးလွန်ခြင်း မဟုတ် ပါ။ သို့ဖြစ်ပါ၍ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)အနေဖြင့်လည်း ဖမ်းဆီးခံသတင်းသမားများ အမြန်ဆုံးလွတ်မြောက်ရေးနှင့် တရားဝင် မီဒီယာလုပ်ငန်းများ ဘေးကင်းလုံခြုံစွာ လုပ်ဆောင်နိုင်ရေးတို့ကို အဓိက ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)
ဆက်သွယ်ရန် –
နန်းဖော့ဂေ (ဥက္ကဌ)၊ ၀၉၂၆၀၆၇၆၃၁
တိုးဇော်လတ် (အတွင်းရေးမှူး)၊ ၀၈၀၆၈၃၄၂၄၀