မတရားဖမ်းဆီးခံထားရသော သတင်းမီဒီယာသမားများနှင့်သက်ဆိုင်သော လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ၏ ထုတ်ပြန်ကြေညာချက်
ရက်စွဲ၊ ၂၀၂၆- ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး (၅) နှစ်နီးပါးကာလတွင် သတင်းသမား ဦးရေ ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံအနှံ့ အကျဥ်းထောင် အသီးသီးတွင် သတင်းသမားအနည်းဆုံး (၃၀) ကျော်မှ အများဆုံး (၆၀) ဝန်းကျင် အထိ ထိန်းသိမ်းခံခဲ့ကြရသည်။ ယခုလက်ရှိ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့ စာရင်းအရ သတင်းမီဒီယာသမား (၂၇) ဦး အကျဥ်းထောင်များတွင် အကျဥ်းကျခံနေရဆဲ ဖြစ်ပြီး အမျိုးသမီး (၅) ဦး ပါဝင်သည်။
ထိုသို့အကျဉ်းချခံထားရဆဲ သတင်းမီဒီယာသမားများတွင် ထောင်တစ်သက်အပါအဝင် နှစ်ရှည်ထောင် ဒဏ်ကျခံနေရသော သတင်းမီဒီယာသမား (၁၄) ဦးပါဝင်သည်။ ထိုသူများသည် အမြင့်ပြစ်ဒဏ် ထောင်တစ်သက် နှင့် အနိမ့်ဆုံးပြစ်ဒဏ် ထောင် (၁၀) နှစ် ကျခံထားရသူများဖြစ်သည်။ ယင်းတို့အနက် ကျန်ရှိသူများသည် အနည်း ဆုံးထောင်ဒဏ် (၃) နှစ် မှ (၁၀) နှစ်အတွင်း ပြစ်ဒဏ် ကျခံနေကြရသည်။
စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရသော သတင်း မီဒီယာသမား များလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ စုစုပေါင်း(၇)ဦး ရှိခဲ့သည်။ ထိုသူများသည် သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်နေစဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရသူ များဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း သတင်းမီဒီယာသမား(၁၈၀)နီးပါးကို စစ်ကောင်စီက မတရားဖမ်းဆီးအရေးယူခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ – ၅၀၅ – က၊ ၅၀၅ – ခ၊ ပုဒ်မ – ၁၂၄ – က၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ – ၁၇(၁)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ – ၆၆(ဃ)၊ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများပုဒ်မ – (၅)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ – ၂၇ နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများ အစရှိသည့် ရာဇဝတ်မှုများဖြင့် အရေးယူခဲ့သည်။ ယင်းတို့အနက် အများဆုံး အသုံးပြုခဲ့သော ဥပဒေပုဒ်မ များမှာ ၅၀၅ – က၊ ၅၀၅ – ခ နှင့်အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများ ဖြစ်သည်။


ထို့အပြင် စစ်ကောင်စီသည် သတင်းမီဒီယာလုပ်ငန်း (၁၅) ခု၏လုပ်ငန်းလိုင်စင်များကို ရုပ်သိမ်းခဲ့ပြီး သ တင်းမီဒီယာဆက်စပ်နေသော မီဒီယာဆိုင်ရာဥပဒေများကို တစ်ဖက်သတ်ပြုပြင်ပြဌာန်းခဲ့သည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ (၅) နှစ်တာကာလအတွင်း စစ်ကောင်စီ၏မီဒီယာဖိနှိပ်မှုများသည် လွန်စွာပြင်း ထန်ပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ကို တိုက်ရိုက်ထိပါးနေသည်။ သတင်းမီဒီယာသမားများ နှင့်သတင်းမီဒီယာ လုပ်ငန်းများသည် သတင်းလွတ်လပ်ခွင့်အခြေခံပေးထားချက်များအရ ရပ်တည်နိုင်ခြင်း မရှိဘဲ ကမ္ဘာ့အဆိုးဆုံး သတင်းလွတ်လပ်ခွင့် ထိပါးဖိနှိပ်ခံရသော ထိပ်တန်းနိုင်ငံများစာရင်းတွင် ပါဝင်နေသည်အထိ အန္တရာယ်ကျရောက် နေပြီဖြစ်သည်။
သတင်းလွတ်လပ်ခွင့် နှင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်တို့သည် သတင်းမီဒီယာနယ်ပယ် အတွက်သာ မကဘဲ အနာဂတ်တွင်ထူထောင်ရန်ရည်မှန်းသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ အတွက် အသက်တမျှ အရေးပါသည့် အရာဖြစ်ပါသည်။ သတင်းလွတ်လပ်ခွင့် နှင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ကာကွယ်မြှင့်တင်ရေး အတွက် သော်လည်းကောင်း သတင်းမီဒီယာသမားများ သတင်းမီဒီယာအလုပ်ကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီးက အလေးထား လုပ်ဆောင်ပေးကြပါရန်နှင့်သတင်းမီဒီယာသမားများဖမ်းဆီးထောင်ချခြင်း နှင့် နှိပ်စက်သတ်ဖြတ်ခြင်းများ ကို ဆန့်ကျင်ရှုတ်ချပြီး ကျူးလွန်မှုများအတွက် တာဝန်ခံမှုရှိစေရန် IPCM အနေ ဖြင့် တောင်းဆိုလိုက်သည်။
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)
ဆက်သွယ်ရန်-
ကိုကိုဇော် (ဥက္ကဌ) – (+၉၅) ၉၂၅၅၈၀၃၂၆၂ (Signal)
တိုးဇော်လတ် (အတွင်းရေးမှူး) – (+၆၆) ၈၀၆၈၃၄၂၄၀ (Signal)