စစ်အာဏာသိမ်း လေးနှစ်အတွင်း မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့် ပျောက်ဆုံးနေမှုနှင့်
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆိတ်သုဉ်းနေမူအပေါ် ရှုတ်ချကန့်ကွက်ခြင်း။
ရက်စွဲ။ ။ ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်ကောင်စီက မတရားအာဏာသိမ်းခဲ့မှုကြောင့် မြန်မာပြည်သူလူထုမှာ ၎င်းတို့၏အခွင့်အရေးများ၊ ဖက်ဒရယ်ဒီမိုကရေစီ မျှော်လင့်ချက်များ ဆိတ်သုဉ်းကာ တိုင်းရင်းသား ပြည်သူ လူထု ထောင်ပေါင်းများစွာ လွတ်လပ်မှုနှင့် အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံးခဲ့ရပြီး ပြည်သူလူထုအပေါ် လူမဆန်စွာ အကြမ်းဖက် နှိမ်နင်းခဲ့မှုကို ရင်ဆိုင်ခဲ့ရသည်မှာ လေးနှစ်ရှိပြီဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီအနေနှင့် လေးနှစ်တာ ကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ကျား / မ အခြေပြု အကြမ်းဖက်မှုများ၊ ဘာသာရေးနှင့် တိုင်းရင်းသား လူနည်းစုများအပေါ် စနစ်တကျ နှိပ်ကွပ်ခြင်းနှင့် ခွဲခြားဆက်ဆံမှုများကို စနစ်တကျ ကျူးလွန်နေသည်မှာ အထင်အရှားဖြစ်ပါသည်။
အာဏာသိမ်း လေးနှစ်တာကာလတွင် မြန်မာနိုင်ငံအတွင်း လွတ်လပ်သော သတင်းမီဒီယာသမား (၂၀၀) ကျော်ကို မတရားဖမ်းဆီးခဲ့ပြီး သတင်းမီဒီယာသမား (၇) ဦးမှာ ဥပဒေမဲ့သတ်ဖြတ်ခံရပြီး၊ (၄၃) ဦးမှာ ယနေ့ထိ နိုင်ငံတွင်းအကျဉ်းထောင်အသီးသီးတွင် မတရားသော ဥပဒေများ၊ သတင်းမီဒီယာသမားများနှင့် သက်ဆိုင်ခြင်းမရှိသော အကြမ်းဖက်မှုဥပဒေများဖြင့် အရေးယူခံရပြီး ထောင်ဒဏ်ကျခံနေရဆဲဖြစ်သည်။
လက်ရှိအချိန်ထိ အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများကို ပိုမို အရှိန်မြှင့် လုပ်ဆောင်မှုကြောင့် အရပ်သားများထိခိုက်သေဆုံးခြင်း၊ မြို့ရွာများ ပျက်စီးဆုံးရှုံးရခြင်း၊ နေရပ်စွန့်ခွါ တိမ်းရှောင်ရခြင်းများ ကြုံတွေ့ခံစားနေရဆဲဖြစ်ပြီး မတရားစစ်မှုထမ်းခိုင်းခြင်း၊ လူမှုဘဝ မလုံခြုံခြင်း၊ ရာဇဝတ်မှု ထူပြောခြင်းများကို ရင်ဆိုင်ခံစားနေရပါသည်။
အခြားတဖက်တွင်လည်း ဆိုင်ဘာလုံခြုံရေး ဥပဒေကို မတရားပြဌာန်းခဲ့သည့်အတွက် လူထုအနေနှင့် လွတ်လပ်စွာသတင်း သိရှိပိုင်ခွင့်များ ဆုံးရှုံးစေပြီး အွန်လိုင်း/ဒစ်ဂျစ်တယ် သတင်းစီးဆင်းမှုကို ဆိုးရွားစွာ ထိခိုက်မှုရှိခဲ့သည်။ ထိုလုပ်ရပ်သည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို တိုက်ရိုက်ထိပါးနေသည်ဟု မှတ်ယူသည်။
ယနေ့ထိ အာဏာသိမ်းစစ်ကောင်စီ၏ မတရားသော မီဒီယာဖိနှိပ်မှုများကြောင့် သတင်းမီဒီယာ သမားများနှင့် သတင်းမီဒီယာလုပ်ငန်းများသည် သတင်းလွတ်လပ်ခွင့် အခြေခံများအရ ရပ်တည်နိုင်ခြင်း မရှိဘဲ ကမ္ဘာ့အဆိုးရွားဆုံး သတင်းလွတ်လပ်ခွင့် ဖိနှိပ်ထိပါးခံရသော ထိပ်တန်းနိုင်ငံ စာရင်းတွင် ပါဝင်နေသည်အထိ အန္တရာယ်ကျရောက်နေပြီဖြစ်သည်။
သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကာကွယ်မြှင့်တင်ရေး၊ သတင်းမီဒီယာသမားများ သတင်းမီဒီယာလုပ်ငန်းကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ရေးအတွက် အဖွဲ့အစည်း အသီးသီးက အလေးထား လုပ်ဆောင်ပေးကြပါရန်နှင့် အာဏာသိမ်းစစ်ကောင်စီ၏ မတရားလုပ်ကြံ ဖန်တီးထားသော သတင်းများကို မြန်မာလူထုအနေနှင့် အထူးသတိပြု စိစစ်ပြီးမှ လက်ခံကြစေရန် တိုက်တွန်းအပ်ပါသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင်း အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူလူထုနှင့် လွတ်လပ်သော သတင်းမီဒီယာသမားများ အပေါ် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းများကို လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) အနေနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး ကျူးလွန်မှုများအတွက် တာဝန်ခံမှုရှိစေရန် အလေးအနက် တောင်းဆိုလိုက်သည်။
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)
ဆက်သွယ်ရန် –
နန်းဖော့ဂေ ( ဥက္ကဌ) – 0926067631
တိုးဇော်လတ် (အတွင်းရေးမှူး) – 0806834240

