09922044991 info@ipcmm.org

ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၆) ရက်။

အကြောင်းအရာ။ ။ စစ်ပွဲဖြစ်ပွားနေရာ တိုင်းရင်းသားနယ်မြေနှင့် ဒေသအသီးသီးတွင် သတင်းသမားများ၏ လုံခြုံရေး သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာသတင်းရယူခွင့်ကို အာမခံရန်တိုက်တွန်းခြင်း။

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၆) ရက် နေ့စွဲဖြင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ ထုတ်ပြန်သော မီဒီယာ ကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်နှင့် ဧပြီလ (၂၁) ရက် နေ့စွဲဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ထုတ်ပြန်သော သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းဆိုင်ရာ ပေါ်လစီမူဝါဒများ၊ ကျင့်ဝတ်စည်းကမ်းများတွင် ပါဝင်သော အချက်အလက် တချို့သည် သတင်းသမားများ၏ လုံခြုံရေးနှင့် သတင်းလွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်နေကြောင်း မြန်မာသတင်း မီဒီယာနှင့် သတင်းထောက်များအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသည်။

တိုင်းရင်းသား သတင်းမီဒီယာများ အပါအဝင် လွတ်လပ်သော သတင်းမီဒီယာများဖြင့် ဖွဲ့စည်းတည်ထောင်ထားသော မိမိတို့၏ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းဝင်များထံ အလွတ်သဘော ချဉ်းကပ်ပြီး သတင်းမီဒီယာသမားများ၏ စိုးရိမ်ချက်များကို တင်ပြဆွေးနွေးခဲ့ပါသည်။

ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ရည်မှန်းချက်ထားသော သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် သတင်းမီဒီယာ လွတ်လပ်ခွင့် စံနှုန်းများ၊ တန်ဖိုးများအား လေးစားပြီး ကျင့်သုံးရန် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အနေဖြင့် အလေးအနက် တိုက်တွန်းလိုပါသည်။

လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်း၏ သဘောသဘာဝ၊ ကျင့်ဝတ်စံနှုန်း၊ သတင်းရယူခွင့်ဆိုင်ရာနှင့် သတင်းမီဒီ ယာအချင်းချင်း ထိန်းကျောင်းမှု စသည့်သတင်းမီဒီယာ၏ အခန်းကဏ္ဍများအား ရှင်းလင်းတင်ပြရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံရေးအတွက် IPCM က စီစဉ်လျှက်ရှိပါသည်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီသည် သတင်းသမားများ စောင့်ထိန်းအပ်သည့် ကျင့်ဝတ်ကို လိုက်နာ ကျင့်သုံးရန် တိုက်တွန်းနှိုးဆော်ပြီး မိမိကိုယ်ကို ထိန်းကျောင်းကြပ်မတ်ရေးစနစ်ကိုလည်း ရေးဆွဲပြဌာန်းထားပါသည်။ လျင်မြန်စွာ ပြောင်းလဲနေသော မြန်မာ့နိုင်ငံရေးဖြစ်စဉ်အတွင်း သတင်းသမားတိုင်း လိုက်နာသင့်သည့်ကျင့်ဝတ်ကို လာမည့် မေလ ၃ရက်၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်နေ့တွင် IPCM က ထုတ်ပြန်မည်ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။