အာဏာသိမ်းစစ်တပ်က သတင်းထောက် ၂ ဦးကို လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခြင်း နှင့် အကျဉ်းကျသူ များအား လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မပေးခြင်း
ရက်စွဲ၊ ၂၀၂၄- ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်
၁။ သြဂုတ်လ ၂၁ ရက် နံနက် ၉ နာရီဝန်းကျင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာ ဓမ္မဒူတဘုန်းကြီးကျောင်းဘေးလမ်းရှိ အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူ၏ မိသားစုပိုင် ခြံဝန်းအတွင်းကို စစ်ကောင်စီက အင်အား ၂၀ ခန့်ဖြင့် ဝိုင်း၍ စီးနင်းပစ်ခတ်မှု ပြုလုပ်ခဲ့ရာ သေဆုံးသူ လေးဦးအနက် နှစ်ဦးမှာ သတင်းထောက်များဖြစ်သည်။
၂။ အာဏာသိမ်းစစ်တပ်က လာရောက်စီးနင်းပစ်ခတ်ချိန်တွင် လွတ်လပ်သောဒီမိုကရက်တစ်အသံ (DVB) မှ ဒေသအခြေစိုက် အလွတ်တန်းသတင်းထောက် ကိုဝင်းထွဋ်ဦး (ခ) ဖိုင်ဇယ်မှာ အခြားသူတဦး နှင့်အတူ ကျည်ဒဏ်ရာများဖြင့် နေရာ၌ပင် သေဆုံးခဲ့ရသည်။ ကိုထက်မြတ်သူနှင့် အခြားသူတဦးမှာမူ လက်ပြန်ကြိုးတုပ်၍ ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာအနီးရှိ စစ်ကောင်စီတပ်မ (၄၄) ဌာနချုပ်အတွင်း ခေါ်ဆောင်ခြင်းခံခဲ့ရပြီးနောက်တွင်မှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တပ်မ (၄၄) နှင့် နီးစပ်သည့် သတင်းရင်းမြစ်ကို ကိုးကား၍ မဇ္ဈိမသတင်းဌာနက ရေးသားဖော်ပြသည်။
၃။ စစ်ကောင်စီ လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် သေဆုံးသူ လေးဦးလုံးအား ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့ဝင်များ ဟု ရေးသားနေသော်လည်း ကိုထက်မြတ်သူနှင့် ကိုဝင်းထွဋ်ဦးတို့သည် သတင်းထောက်များ ဖြစ်ကြသည်။
၄။ ကိုထက်မြတ်သူမှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် ဆန္ဒပြပွဲကို ဓာတ်ပုံရိုက်၍ သတင်းရယူစဉ် စစ်ကောင်စီ၏ ပစ်ခတ်ဖမ်းဆီးခံရမှုကြောင့် ခြေထောက် ကျည်ထိမှန်ဒဏ်ရာဖြင့်ပင် ထောင်ဒဏ်ကျခံခဲ့ရပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။ ကိုဝင်းထွဋ်ဦးမှာ ၂၀၂၃ ခုနှစ်တွင်မှ DVB တွင် သတင်းများ စတင်ရေးသားခဲ့ခြင်းဖြစ်ပြီး DVB သို့ သတင်းပေးပို့နေသည့် ဒေသအခြေစိုက် အလွတ်တန်း သတင်းထောက် တဦးဖြစ်သည်။
၅။ ပဋိပက္ခဇုန်အတွင်းရှိသတင်းမီဒီယာသမားများ အပါအဝင် အဖမ်းအဆီးခံရသူများအား အာဏာသိမ်း စစ်တပ်မှ တရားဥပဒေမဲ့ သတ်ဖြတ်နေခြင်းအတွက် မိမိတို့ စကားလုံးပင် ရှာမရအောင် ထိတ်လန့် တုန်လှုပ်ရသည်။
၆။ ထို့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ယနေ့ထိ ဖမ်းဆီး ထိန်းသိမ်းထောင်ချခံရသူ သတင်းသမားများအပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံရသူများ အား ညှင်းပမ်းနှိပ်စက်ခြင်းနှင့် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မပေးခြင်းတ ို့အတွက်လည်း အလွန်အမင်း စိုးရိမ်သောကရောက်မိသည်။
၇။ ဩဂုတ်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ဆာကူရာဆေးရုံ၌ သေဆုံးသွားခဲ့သော မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဦးဖေမောင်စိမ်းသည် အကျဉ်းထောင်မှ လွှတ်ပေးပြီး သုံးရက်အကြာ ကွယ်လွန်သွားကြောင်း နီးစပ်သော မိတ်ဆွေများထံမှ သိရသည်။
၈။ ၂၀၂၂ ခုနှစ် မေလနှောင်းပိုင်းတွင် ကရင်နီ ပြည်နယ် မြို့တော် လွိုင်ကော်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်တွင် ဦးဖေမောင်စိမ်းအား ဖမ်းဆီးခဲ့သည်။ ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့အဖွဲ့များနှင့် ဆက်သွယ်ပြီး ၎င်း၏ ဗီဒီယိုမှတ်တမ်းများကို အမျိုးသားညီညွတ်ရေး အစိုးရ နှင့် လွတ်လပ်သော သတင်းမီဒီယာများသို့ ပေးပို့ခဲ့သည်ဟု စွပ်စွဲခံရပြီး ထောင်ဒဏ် ၃ နှစ် ချခံရသည်။
၉။ လွိုင်ကော်အကျဉ်းထောင်တွင် ဦးဖေမောင်စိမ်း တီဘီရောဂါကူးစက်ခံခဲ့ရသည်။ ယခုနှစ်ဧပြီလတွင် သူ၏ရောဂါအခြေအနေ ပိုဆိုးလာပြီး လမ်းမလျှောက်နိုင်တော့ပေ။ နောက်ပိုင်းတွင် သူသည် ကျောရိုး တီဘီရောဂါ ဖြစ်ပေါ်လာကြောင်း တွေ့ရှိခဲ့သည်။ ပြင်းထန်သော အခြေအနေကြောင့် ဇူလိုင် ၁၃ ရက်က အင်းစိန်ထောင်သို့ ပြောင်းရွှေ့ ဆေးကုသမှု ခံယူခဲ့သော်လည်း သက်သာလာခြင်းမရှိပေ။
၁၀။ အဖမ်းခံရပြီး လွိုင်ကော်အကျဉ်းထောင်၌ စစ်ဆေးမေးမြန်းစဉ်တွင်လည်း ရိုက်နှက်ခံရပြီး နံရိုးလေးချောင်း ကျိုးခဲ့ကြောင်း၊ အကျဉ်းထောင် နှစ်ခုစလုံးတွင် လုံလောက်ကောင်းမွန်သော အစားအသောက်နှင့် ဆေးကုသမှု ခံယူခွင့် ငြင်းပယ်ခံရကြောင်းလည်း သိရသည်။။
၁၁။ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်ကောင်စီမှအာဏာသိမ်းပြီးနောက် ယနေ့ထိ ဖမ်းဆီး ထိန်းသိမ်းထောင်ချခံရသူ သတင်းသမား (၅၀) ဦးမှာ ယနေ့ထိ အကျဉ်းထောင်အသီးသီးတွင် ထောင်ဒဏ် ကျခံနေရဆဲ ဖြစ်ပါသည်။
၁၂။ အာဏာသိမ်း စစ်တပ်အုပ်ချုပ်နေသော မြန်မာနိုင်ငံအတွင်းရှိ သတင်းသမားများ အသက်အန္တရာယ် လုံခြုံမှု မရှိဘဲ အကာအကွယ်မဲ့နေသော အခြေအနေကို အထက်ပါ ဖြစ်ရပ်များက မီးမောင်းထိုးပြလျက် ရှိသည်။
၁၃။ ဒေသတွင်းနှင့် နိုင်ငံတကာရှိ သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားများ ကာကွယ်ရေး လုပ်ဆောင်နေသော အဖွဲ့အစည်းများနှင့် အစိုးရများအနေဖြင့် သွေးစည်းညီညွတ်ကြောင်း ပြသသည့်အနေဖြင့် မြန်မာနိုင်ငံရှိ လူမဆန်သော အာဏာသိမ်း စစ်ကောင်စီနှင့် ၎င်း၏ စစ်တပ်အား မဆက်ဆံဘဲ ဝိုင်းဝန်းရှုတ်ချ ကန့်ကွက်ကြပါရန် မိမိတို့ IPCM က တိုက်တွန်းနှိုးဆော်အပ်သည်။
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)
ဆက်သွယ်ရန်-
နန်းဖော့ဂေ (ဥက္ကဌ) – ၀၉၂၆၀၆၇၆၃၁
တိုးဇော်လတ် (အတွင်းရေးမှူး) – ၀၈၀၆၈၃၄၂၄၀