Dawei Watch သတင်းသမား ၂ ဦးအား ထောင်ဒဏ် တသက်တကျွန်းနှင့် နှစ် ၂၀ ချမှတ် ခံရခြင်းကိုကန့်ကွက် ရှုံ့ချခြင်း။
ရက်စွဲ၊ ၂၀၂၄- ခုနှစ်၊ ဩဂုတ်လ (၃၀) ရက်
၁။ တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် သတင်းသမား၂ ဦးဖြစ်သည့် ကိုမျိုးမြင့်ဦးနှင့် ကိုအောင်ဆန်းဦးတို့ကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း Dawei Watch သတင်းဌာနက ၂၀၂၄- ခုနှစ်၊ ဩဂုတ်လ (၂၇) ရက်တွင် ထုတ်ပြန်သည်။
၂။ စစ်ကောင်စီမှ စစ်ခုံရုံးဖွဲ့၍အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ဖေဖော်ဝါရီ ၁၆ ရက် (ခန့်မှန်းရက်) တွင် ကိုအောင်ဆန်းဦးအား ထောင်ဒဏ်နှစ်၂၀၊ မေလ ၁၅ ရက် (ခန့်မှန်းရက်) ၌ ကိုမျိုးမြင့်ဦးကို ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့သည်ဟု Dawei Watch ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
၃။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၁၁) ရက် ညပိုင်းတွင် နေအိမ်အသီးသီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အား အများအပြားဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့သော အဆိုပါ သတင်းသမား၂ ဦးသည် ၄ ရက်ခန့် နှိပ်စက် စစ်ဆေးခံရပြီးနောက် မြိတ်အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရသည်။ သတင်းသမား ၂ ဦးအနေဖြင့် တရားဥပဒေကြောင်းအရ ခုခံပိုင်ခွင့် လုံးဝမရှိဘဲ သတင်းဌာနအနေဖြင့်လည်း အငြှိုးထားခံနေရသည်။ Dawei Watch သည် တနင်္သာရီတိုင်း ဒေသအထူးပြု လွတ်လပ်သော သတင်းမီဒီယာ ဖြစ်သည်။
၄။ Dawei Watch သတင်းသမား ၂ ဦး ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရမှုသည် မြန်မာနိုင်ငံတွင်းရှိ သတင်းသမားများ စစ်ကောင်စီအောက်တွင် အကာအကွယ်မဲ့နေကြောင်း သက်သေပြချက် ဖြစ်သလို အကျဉ်းထောင်များအတွင်း နှစ်ရှည်ထောင်ဒဏ် ကျခံနေရသော သတင်းသမားများကို မေ့လျော့မထားရန် နှိုးဆော်တိုက်တွန်းချက်လည်း ဖြစ်သည်။
၅။ ယခုအခါ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ထောင်ဒဏ် ၁၀နှစ်နှင့်အထက် ထောင်ဒဏ်ချမှတ်ခံနေရသူ သတင်းသမား ၁၁ဦး ရှိပြီဖြစ်သည့်အပြင် ကိုမျိုးမြင့်ဦးနှင့် မရှင်ဒေဝီတို့မှာမူ တသက်တကျွန်း စီရင်ချက်ချခံထားရသူများ ဖြစ်သည်။
၆။ သတင်းသမားများ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ သတင်းရယူတင်ဆက်ခြင်းသည် တည်ဆဲဥပဒေ/ နိုင်ငံတကာ ဥပဒေများနှင့်အညီ ပြည်သူတို့ သတင်းရယူသိရှိပိုင်ခွင့် (Right to information) ကို တရားဝင်လုပ်ဆောင်ပေးခြင်းသာဖြစ်သည်။ ထို့ကြောင့် လွတ်လပ်စွာသတင်းရယူတင်ဆက်ခြင်းကို ဟန့်တားမှုဖြစ်စေသည့် မည်သည့် တားဆီး နှောင့်ယှက်မှု/ ဖမ်းဆီးထောင်ချမှုများကိုမဆို ပြင်းထန်စွာရှုံ့ချပြီး မတရားဖမ်းဆီးခံထားနေရဆဲဖြစ်သော သတင်းသမားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က တောင်းဆိုသည်။
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)
ဆက်သွယ်ရန်-
နန်းဖော့ဂေ (ဥက္ကဌ) – ၀၉၂၆၀၆၇၆၃၁
တိုးဇော်လတ် (အတွင်းရေးမှူး) – ၀၈၀၆၈၃၄၂၄၀