၂၀၂၄ခုနှစ်၊ မေ-၃
မေလ-၃ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ကို လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM )က ကျင်းပခဲ့ပြီး မြန်မာသတင်းသမားများနှင့်နိုင်ငံတကာ မီဒီယာ ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။ IPCM ကို မြန်မာသတင်းမီဒီယာများ အကြား ထိန်းညှိုနိုင်ရန် (regulatory mechanism) အတွက် ထူထောင်ခဲ့ခြင်းဖြစ်သည်။
IPCM သည် မိမိဘာသာမီဒီယာထိန်းညှိမှု (self-regulation )လုပ်နိုင်ရန်အတွက် မိခင်နိုင်ငံပြင်ပတွင် ဖွဲ့စည်း နိုင်ခဲ့သည့် အာရှတွင် ပထမဆုံး အသင်းအဖွဲ့ဖြစ်သည်။ ထိုသို့ဖြစ်လာရန်အတွက်လည်း နိုင်ငံ အတွင်း နှင့် ပြင်ပတို့ တွင် ရောက်ရှိနေသည့် လွတ်လပ်သော မီဒီယာများကို စည်းရုံးဖိတ်ခေါ်မှုများ ပြုလုပ်ခဲ့သည်။
“ အထူးသဖြင့် ကျွန်မတို့ နိုင်ငံက စစ်မက်နဲ့ ပဍိပက္ခ ဖြစ်နေတဲ့ အကြောင်းအရာတွေကို သတင်းလိုက်တဲ့နေရာမှာ ကျွန်မတို့ မီဒီယာတွေနဲ့ သတင်းသမားတွေက professional ဖြစ်နေဖို့ လိုတယ် “ ဟု IPCM ၏ ဥက္ကဌဖြစ်သူ နန်းဖောဂေက အဖွင့် အမှာစကားတွင် ပြောခဲ့သည်။ ထိုသို့ လုပ်နိုင်ရန်အတွက်လည်း သတင်းသမားများ၏ ဘေးကင်းလုံခြုံရေးနှင့် ယုံကြည်စိတ်ချရသည့် သတင်းအချက်အလက်များ ရရှိနိုင်ရေးကလည်း အဓိက ကျ ကြောင်း ပြောခဲ့သည်။
IPCM မှ ပြုစုထားသည့် သတင်းမီဒီယာကျင့်ဝတ် (ပထမ မူ) ကိုလည်း အခမ်းအနားတွင် စတင် ချပြခဲ့ပြီး ထိုကျင့်ဝတ်အပေါ် အားလုံးကျယ်ကျယ်ပြန့်ပြန့်ပါဝင်သည့် အကြံပေးဆွေးနွေးမှုများ ကို ထပ်မံပြုလုပ်သွားရန် ရှိသည်။
“ ကျွန်တော်တို့ တာဝန်က မြန်မာမီဒီယာတွေ က သူတို့ရဲ့ အရည်အချင်းနဲ့ စံနှုန်းစံထားတွေကို ပိုကောင်းအောင် လုပ်တဲ့နေရာမှာ လိုအပ်နေတဲ့ အဓိကကွက်လပ်ကို ဖြည့်နိုင်ဖို့ ဖြစ်ပါတယ်။ သတင်းထောက် တဦး တယောက် ချင်း စီနဲ့ မီဒီယာအဖွဲ့အစည်းတွေရဲ့ ဘေးကင်းလုံခြုံရေးကိုလည်း ရှေးရှုရင်း သတင်းစာပညာကို ပိုမြှင့်တင် နိုင်အောင်လုပ်ဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ အစွမ်းကုန်လုပ်သွားမှာပါ “ဟု ဒုဥက္ကဌဖြစ်သူ ဦးကိုကိုဇော် ကလည်း ပြောခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် စစ်အစိုးရသည် သတင်းထောက်များစွာကို ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ အနည်းဆုံး ၅၂ ဦးမှာ အကျဉ်းထောင်များတွင် ရှိနေဆဲဖြစ်သည်။ ပြည်တွင်းရှိ သတင်းတိုက် ၁၉ ခုတို့၏ လုပ်ကိုင်ခွင့်လိုင်စင်များလည်း ရုတ်သိမ်းခံခဲ့ရသည်။
“ ကိုယ့်ထိန်းချုပ်နယ်မြေထဲမှာ ရှိတဲ့ သတင်းဌာနတွေရဲ့ ဘေးကင်းလုံခြုံရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ ကြိုးပမ်းဆောင်ရွက်နေတာတွေကိုလည်း IPCM က အသိအမှတ်ပြုပါတယ်။ သတင်းအချက်အလက်ရယူနိုင်ခွင့် နဲ့ သတင်းသမားတွေရဲ့ ဘေးကင်းလုံခြုံရေး တွေ အတွက် သတင်းမီဒီယာလွတ်လပ်ခွင့် အခြေခံအတိုင်း သတင်းဌာနတွေကို ဘယ်လောက်တုံ့ပြန်ဖြေဆိုသလဲ ဆိုတာအပေါ် မူတည်ပြီး သူတို့ကို သုံးသပ်အကဲခတ်သွားမှာပါ” ဟု အတွင်းရေးမှူးဖြစ်သူ ဦးတိုးဇော်လတ်က ပြောခဲ့သည်။ “သတင်းမီဒီယာတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးနဲ့ ကျွန်တော်တို့ တွေ့ဆုံ ဆွေးနွေးသွားမှာပါ” ဟု သူက ဆက်ပြောသည်။
အရှေ့တောင်အာရှ ဒေသအတွင်းရှိ အခြားသတင်းမီဒီယာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်မှုများကို ပြုလုပ်သွားရန်ရှိပြီး ယခုနှစ်အတွင်း ကျယ်ကျယ်ပြန်ပြန့် ကွန်ယက် ချဲ့ထွင်ခြင်းများ လုပ်သွားရန် ရှိသည်။ IPCMအနေဖြင့် သတင်းသမားများ ဘေးကင်းလုံခြုံရေးနှင့် အကာအကွယ်ပေးရေး လုပ်ငန်းများ၊ ပြင်ပဆက်ဆံရေး၊ သတင်းမီဒီယာကျင့်ဝတ်ဖော်ဆောင်ရေး၊ ရေရှည်တည်တံ့ရေး စသည့် လုပ်ငန်းများအတွက် ကော်မတီငယ်ငါးခု ထပ်မံဖွဲ့စည်း လုပ်ကိုင်နေသည်။

