လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)
မတရားဖမ်းဆီးခံထားရသောသတင်းမီဒီယာသမားများနှင့်သက်ဆိုင်သောထုတ်ပြန်ကြေညာချက်။
ရက်စွဲ။ ၂၀၂၅-ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက်။
၂၀၂၁-ခုနှစ်၊ စစ်အာဏာသိမ်းပြီး ၄-နှစ်နီးပါးကာလတွင် သတင်းသမားဦးရေ (၂၀၀) ကျော် ဖမ်းဆီးခံ ခဲ့ရပြီး၊ နိုင်ငံအနှံ့ အကျဉ်းထောင်အသီးသီးတွင် သတင်းသမား အနည်းဆုံး (၃၀) ကျော်မှ အများဆုံး (၆၀) ဝန်းကျင်အထိ ထိမ်းသိမ်းခံခဲ့ကြရသည်။ ယခုလက်ရှိ ၂၀၂၅-ခုနှစ်၊ ဇန်နဝါရီလ ( ၂၅) ရက်နေ့ စာရင်းအရ သတင်းမီဒီယာသမား (၄၃) ဦး အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရဆဲ ဖြစ်သည်။
ထိုသို့အကျဉ်းချခံထားရဆဲ သတင်းမီဒီယာသမားများတွင် ထောင်ဒဏ်တစ်သက်အပါအဝင်နှစ်ရှည်ထောင်ဒဏ်ကျခံနေရသောသတင်းမီဒီယာသမား (၁၁) ဦး ပါဝင်သည်။ ထိုသူများသည် အမြင့်ဆုံးပြစ်ဒဏ် ထောင်တစ်သက်နှင့် အနိမ့်ဆုံးပြစ်ဒဏ် ထောင် (၁၀) နှစ် ကျခံထားရသူများ ဖြစ်သည်။ ယင်းတို့အနက် ကျန်ရှိသူများသည် အနည်းဆုံးထောင်ဒဏ် (၃)နှစ်မှ (၁၀)နှစ်အတွင်း ပြစ်ဒဏ်ကျခံနေကြရသည်။
စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရသော သတင်းမီဒီယာသမားများလည်း၂၀၂၁–ခုနှစ်၊ဖေဖေါ်ဝါရီလမှ ၂၀၂၅–ခုနှစ်၊ဇန်နဝါရီလထိစုစုပေါင်း(၇)ဦးရှိခဲ့သည်။ ထိုသူများ သည် သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်နေစဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရသူများဖြစ်သည်။
၂၀၂၁-ခုနှစ်၊ ဖေဖေါ်ဝါရီလမှ ၂၀၂၅-ခုနှစ်၊ ဇန်နဝါရီလအတွင်း သတင်းမီဒီယာသမား (၂၀၀)ကျော် ကို စစ်ကောင်စီက မတရားဖမ်းဆီး အရေးယူခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ ၅၀၅-ခ၊ ပုဒ်မ ၁၂၄-က၊ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆-ဃ၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများ ပုဒ်မ-(၅)၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၇ နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများ အစရှိသည့်
ရာဇဝတ်မှုများဖြင့်အရေးယူခဲ့သည်။ ယင်းတို့အနက် အများဆုံးအသုံးပြုခဲ့သောဥပဒေပုဒ်မများမှာ ၅၀၅-က၊ ၅၀၅-ခ နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြစ်သည်။
ထို့အပြင် စစ်ကောင်စီသည် သတင်းမီဒီယာလုပ်ငန်း (၁၅)ခု၏ လုပ်ငန်းလိုင်စင်များကို ရုပ်သိမ်းခဲ့ပြီး သတင်းမီဒီယာနှင့် ဆက်စပ်နေသော မီဒီယာဆိုင်ရာဥပဒေများကို တဖက်သတ် ပြုပြင်ပြဌာန်းခဲ့သည်။
၂၀၂၁-ခုနှစ်မှ ၂၀၂၅-ခုနှစ် (၄) နှစ်တာ ကာလအတွင်း စစ်ကောင်စီ၏ မီဒီယာ ဖိနှိပ်မှုများသည် လွန်စွာ ပြင်းထန်ပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ကိုတိုက်ရိုက်ထိပါးနေသည်။ သတင်းမီဒီယာသမားများနှင့် သတင်း မီဒီယာလုပ်ငန်းများသည် သတင်းလွတ်လပ်ခွင့် အခြေခံပေးထားချက်များအရ ရပ်တည်နိုင်ခြင်းမရှိဘဲ ကမ္ဘာ့အဆိုးဆုံးသတင်းလွတ်လပ်ခွင့်ထိပါးဖိနှိပ်ခံရသော ထိပ်တန်းနိုင်ငံများစာရင်းတွင်ပါဝင်နေသည် အထိ အန္တရာယ် ကျရောက်နေပြီဖြစ်သည်။
သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်တို့သည် သတင်းမီဒီယာနယ်ပယ် အတွက် သာမကဘဲ အနာဂတ်တွင်ထူထောင်ရန်ရည်မှန်းထားသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက် အသက်တမျှ အရေးပါသည့် အရာဖြစ်ပါသည်။ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ကာကွယ် မြှင့်တင်ရေးအတွက်သော်လည်းကောင်း သတင်းမီဒီယာသမားများ သတင်းမီဒီယာအလုပ်ကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီးက အလေးထား လုပ်ဆောင်ပေးကြပါရန်နှင့် သတင်းမီဒီယာ သမားများ ဖမ်းဆီးထောင်ချခြင်းနှင့် နှိပ်စက်သတ်ဖြတ်ခြင်းများကို ဆန့်ကျင်ရှုတ်ချပြီး ကျူးလွန်မှုများ အတွက် တာဝန်ခံမှုရှိစေရန် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) အနေနှင့် အလေးအနက် တောင်းဆိုလိုက်သည်။
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)
ဆက်သွယ်ရန် –
နန်းဖော့ဂေ ( ဥက္ကဌ) – 0926067631
တိုးဇော်လတ် (အတွင်းရေးမှူး) – 0806834240

