09922044991 info@ipcmm.org

မြန်မာနိုင်ငံ ငလျင်ဖြစ်စဉ်အပေါ် သတင်းသမားများ လွတ်လပ်စွာ သတင်းရယူ တင်ဆက်ခွင့် ထုတ်ပြန်ခြင်း

ရက်စွဲ၊ ၂၀၂၅- ခုနှစ်၊ ဧပြီ လ (၁) ရက်။

၁။ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်လိုက်သော ရစ်ခ်တာစကေး ၇.၇ ရှိသည့် ငလျင်ကြီးသည် မြန်မာနိုင်ငံ၏ ခေတ်သစ် သမိုင်းတွင် အပြင်းထန်ဆုံးဖြစ်သည်။ စစ်ကိုင်း၊ မန္တလေး၊ တံတားဦး၊ မြစ်သား၊ ပျော်ဘွယ်၊ နေပြည်တော်၊ ပျဉ်းမနား၊ တောင်ငူ စသည့်ဒေသများတွင် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။ လမ်း၊ တံတားနှင့် ဘာသာရေးနေရာ အပါအဝင် အခြေခံအဆောက်အအုံများစွာ ပျက်စီးသွားခဲ့ပြီး လူသေကြေထိခိုက်မှုကိန်းများမှာ နေ့စဉ်မြင့်တက် လာနေသည်။

၂။ ထိုသို့သော ငလျင်ဒဏ်ခံအခြေအနေကို အရေးပေါ်ကယ်ဆယ်ရေးကာလမှသည် ပြန်လည်ထူထောင်ရေး ကာလထိ ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ရာ ပြည်တွင်းပြည်ပမှ ကူညီကယ်ဆယ်ရေး ဝန်ထမ်းများသာမက သတင်းမီဒီယာသမားများ မြေပြင်ကွင်းဆင်း၍ လုံခြုံ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ပေးရန်ကလည်း အရေးကြီးပါသည်။ မှန်ကန်သော သတင်း အချက်အလက်များကို ငလျင်ဒဏ်ခံပြည်သူများနှင့် ကူညီကယ်ဆယ်သူများက သိရှိရန်လိုသည်။ အကူအညီများလိုအပ် သည့်သူများထံ ရောက်မရောက်၊ ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိမရှိ သတင်းမီဒီယာက ကူညီပံ့ပိုးနိုင်သည်။

၃။ အင်တာနက်ကို ကန့်သတ်ပိတ်ဆို့ထားခြင်းကိုလည်း စစ်ကောင်စီက ပြန်ဖွင့်ပေးရမည်။ ကပ်ဘေးကာလ အတွင်း စစ်ကောင်စီ၏ အင်တာနက်ဆက်လက်ပိတ်ထားမှုသည် အကြပ်အတည်းကို ပိုမိုဆိုးရွားစေသည်။ စစ်ကောင်စီသည် နှစ်ပေါင်းများစွာ အင်တာနက်ဖြတ်တောက်မှုကို ပြုလုပ်နေပြီး အရေးပေါ်အခြေအနေ များနှင့် ကြုံတွေ့စဉ်ကာလများ တွင်ပင် အင်တာနက် ပြန်လည်ဖွင့်ပေးရန် လျစ်လျူရှု ငြင်းဆန်သည်။ နိုင်ငံတကာအကူအညီများထဲတွင် အမေရိကန်မှ Starlink ဆက်သွယ်ရေးစနစ်များလည်း ပါဝင်ရာ အများပြည်သူအကျိုးစီးပွားကို မျှော်ကိုးလျက် စစ်ကောင်စီ အနေဖြင့် အလျင်အမြန် လက်ခံ အသုံးပြုသင့်သည်။

၄။ စစ်ကောင်စီသည် သဘာဝဘေး သတင်းမှတ်တမ်းယူသူများကို ဖမ်းဆီးချုပ်နှောင်သည့် မှတ်တမ်း ရှိခဲ့သည်။ ၂၀၂၃ ခုနှစ်က မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ရခိုင်ပြည်နယ်သို့သတင်းသွားယူစဉ် Myanmar Now ဓာတ်ပုံ သတင်းထောက် ကိုစိုင်းဇော်သိုက်သည် စစ်တွေမြို့၌ ဖမ်းဆီးခံခဲ့ရပြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇၊ ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄ တို့ဖြင့် စစ်ခုံရုံးတင်ကာ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံထားရသည်။ ကိုစိုင်းဇော်သိုက်နှင့် ဖမ်းဆီးခံ သတင်းမီဒီယာသမားများကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် လွတ်လပ် သော မြန်မာသတင်းမီဒီယာကောင်စီမှ တောင်းဆိုလိုက်သည်။

၅။ ထို့အပြင် နိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် သက်ရောက်မှုများကို သတင်းရယူနိုင်ရေးအတွက် နိုင်ငံတကာ သတင်းထောက်များကိုလည်း စစ်ကောင်စီက ဗီဇာ အလွယ်တကူ ထုတ်ပေးရန်လည်း တောင်းဆို သည်။ ပြည်တွင်းရှိ သတင်းမီဒီယာတချို့ကို ပေးပို့သော စစ်ကောင်စီ ပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ အသံဖိုင်အရ နိုင်ငံတကာသတင်းထောက်များကို ပေးမဝင်လိုကြောင်း သိရသည်။ ယင်းကို မိမိတို့ လွတ်လပ်သော မြန်မာ သတင်းမီဒီယာကောင်စီ (IPCM)မှ ရှုတ်ချကန့်ကွက်ပြီး အများပြည်သူနှင့် နိုင်ငံတကာပြည်သူများ၊ ကူညီပံ့ပိုးနိုင်သည့် အဖွဲ့အစည်းများသိရှိရန် သတင်းရယူ တင်ဆက်ဖော်ပြခွင့်ရရှိရန် တိုက်တွန်းလိုပါသည်။

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)

ဆက်သွယ်ရန်-

နန်းဖော့ဂေ (ဥက္ကဌ) +၆၆ ၀၉၂၆၀၆၇၆၃၁

တိုးဇော်လတ် (အတွင်းရေးမှူး) – +၆၆ ၀၈၀၆၈၃၄၂၄၀

ရဲနည် (အဖွဲ့ဝင်) – +၆၆ ၀၉၃ ၂၂၁ ၀၄၅၂

Facebook : https://www.facebook.com/share/p/18WgZo1hZF/