လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ၏
ထုတ်ပြန်ကြေညာချက်
ကြေညာချက် အမှတ် (၇/၂၀၂၆)
၃ ရက် မေလ ၂၀၂၆ ခုနှစ်
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး (၅)နှစ်ကျော်ကာလတွင် သတင်းသမား ဦးရေ ၂၀၀ နီးပါးဖမ်းဆီးခံခဲ့ရပြီး နိုင်ငံအနှံ့အကျဥ်းထောင်အသီးသီး၌ သတင်းမီဒီယာသမားအနည်းဆုံး(၃၀)ကျော်မှ အများဆုံး(၆၀)ဝန်းကျင်အထိ ထိန်းသိမ်းခံခဲ့ကြရသည်။ ယခုလက်ရှိ ၂၀၂၆ ခုနှစ် မေလ(၃)ရက်နေ့ စာရင်းအရ သတင်းမီဒီယာသမား(၁၈)ဦး အကျဥ်းထောင်များတွင် အကျဥ်းကျခံနေရဆဲဖြစ်ပြီး အမျိုးသမီး(၃)ဦးပါဝင်သည်။
ထိုသို့အကျဉ်းချခံထားရဆဲ သတင်းမီဒီယာသမားများတွင် ထောင်တစ်သက်နှင့်ထောင်ဒဏ်နှစ်(၂၀)အပါ အဝင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသော သတင်းမီဒီယာသမား(၁၃)ဦးပါဝင်သည်။ ထိုသူများသည် အမြင့်ပြစ်ဒဏ် ထောင်တစ်သက် နှင့် အနိမ့်ဆုံးပြစ်ဒဏ်ထောင်(၈)နှစ် ကျခံထားရသူများဖြစ်သည်။ ယင်းတို့အနက် ကျန်ရှိသူ များသည် အနည်းဆုံးထောင်ဒဏ်(၃)နှစ်မှ(၅)နှစ်အတွင်း ပြစ်ဒဏ်ကျခံနေကြရသည်။
စစ်အုပ်စု၏ဖမ်းဆီးနှိပ်စက်မှုနှင့်သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရသော သတင်းမီဒီယာသမားများ လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် မေလအထိ စုစုပေါင်း(၇)ဦး ရှိခဲ့သည်။ ထိုသူများသည် သတင်း မီဒီယာလုပ်ငန်း လုပ်ကိုင်နေစဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရသူများဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် မေလအတွင်း သတင်းမီဒီယာသမား(၂၀၀)နီးပါးကို စစ်အုပ်စုက မတရားဖမ်းဆီးအရေးယူခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ – ၅၀၅ – က၊ ၅၀၅ – ခ၊ ပုဒ်မ – ၁၂၄ – က၊ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ – ၁၇(၁)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ – ၆၆(ဃ)၊ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ၊ ပို့ ကုန်သွင်းကုန်ဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများပုဒ်မ – (၅)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဥပဒေပုဒ်မ – ၂၇ နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများ အစရှိသည့် ရာဇဝတ်မှုများဖြင့် အရေးယူခဲ့သည်။
ယင်းတို့အနက် အများဆုံးအသုံးပြုခဲ့သောဥပဒေပုဒ်မများမှာ ၅၀၅ – က၊ ၅၀၅ – ခ နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများ ဖြစ်သည်။
ထို့အပြင် စစ်အုပ်စုသည် ယခုနှစ်စ ဇန်နဝါရီ နှင့် ဧပြီလကုန်ပိုင်းက လွတ်လပ်သော သတင်းမီဒီယာ (၄) ခုကို လိုင်စင်ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။ သတင်းမီဒီယာ လုပ်ငန်း(၁၉)ခု၏ လုပ်ငန်းလိုင်စင်များကို စစ်အုပ်စုက ရုပ်သိမ်းခဲ့ပြီး သတင်းမီဒီယာနှင့်ဆက်စပ်နေသော မီဒီယာဆိုင်ရာဥပဒေများကိုလည်း တစ်ဖက်သတ်ပြုပြင် ပြဌာန်းခဲ့သည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ (၅)နှစ်တာကာလအတွင်း စစ်အုပ်စု၏မီဒီယာဖိနှိပ်မှုများသည် လွန်စွာပြင်း ထန်ပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ကို တိုက်ရိုက်ထိပါးနေသည်။ သတင်းမီဒီယာသမားများနှင့်သတင်းမီဒီယာ လုပ်ငန်းများသည် သတင်းလွတ်လပ်ခွင့် အခြေခံပေးထားချက်များအရ ရပ်တည်နိုင်ခြင်းမရှိဘဲ ကမ္ဘာ့အဆိုးဆုံး သတင်းလွတ်လပ်ခွင့် ထိပါးဖိနှိပ်ခံရသော ထိပ်တန်းနိုင်ငံများစာရင်းတွင် ပါဝင်နေသည်အထိ အန္တရာယ်ကျရောက် နေပြီဖြစ်သည်။
သတင်းလွတ်လပ်ခွင့်နှင့်လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်တို့သည် သတင်းမီဒီယာနယ်ပယ်အတွက်သာ မကဘဲ အနာဂတ်တွင်ထူထောင်ရန်ရည်မှန်းသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက် အသက်တမျှအရေးပါသည့် အရာဖြစ်ပါသည်။ သတင်းလွတ်လပ်ခွင့်နှင့်လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် ကာကွယ်မြှင့်တင်ရေးအတွက် သော်လည်းကောင်း သတင်းမီဒီယာသမားများ သတင်းမီဒီယာအလုပ်ကို လွတ်လပ်စွာလုပ်ကိုင်နိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီးက အလေးထားလုပ်ဆောင်ပေးကြပါရန် နှင့် သတင်းမီဒီယာသမားများဖမ်းဆီးထောင်ချခြင်း နှင့် နှိပ်စက်သတ်ဖြတ်ခြင်း များကို ဆန့်ကျင်ရှုတ်ချပြီး ကျူးလွန်မှုများအတွက် တာဝန်ခံမှုရှိစေရန် IPCM အနေဖြင့် တောင်းဆိုလိုက်သည်။
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ – IPCM
ဆက်သွယ်ရန်
၁) ကိုကိုဇော် – ဥက္ကဌ (ဆစ်ဂနယ် – +၉၅ ၉၂၅ ၅၈၀ ၃၂၆၂)
၂) တိုးဇော်လတ် – အတွင်းရေးမှူး (ဆစ်ဂနယ် – +၆၆ ၈၀ ၆၈၃ ၄၂၄၀)
https://www.facebook.com/share/p/1H3kAYPi8H

