09922044991 info@ipcmm.org

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ

(Independent Press Council Myanmar-IPCM)

ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာချက်

ဒီဇင်ဘာ ၂၂ရက်၊ ၂၀၂၃ခုနှစ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်စဥ်နောက်ပိုင်း ဆိုးရွားကျဆင်းလာသော သတင်းမီဒီယာလွတ်လပ်ခွင့် နှင့် မီဒီယာစိန်ခေါ်မှု အခြေအနေများကြောင့် ပြည်တွင်းပြည်ပရှိ လွတ်လပ်သော မြန်မာသတင်းမီဒီယာများ စုပေါင်း၍ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီတစ်ခု ဖွဲ့စည်းရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (Independent Press Council Myanmar) ဖွဲ့စည်း နိုင်ရေးအတွက် ဒုတိယအကြိမ် ညီလာခံကို ၂၀၂၃၊ ဒီဇင်ဘာလ ၂၀ရက်မှ ၂၂ရက်နေ့အထိ ထိုင်းနိုင်ငံတစ်နေ ရာတွင် ပြည်တွင်းပြည်ပရှိ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ၃၇ဖွဲ့နှင့် တစ်သီးပုဂ္ဂလ သတင်းမီဒီယာ သမားများ အပါအဝင် စုစုပေါင်း ညီလာခံတက်ရောက်သူ ၇၇ဦးဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

သတင်းမီဒီယာကောင်စီ၏ အဓိက ရည်ရွယ်ချက်ဖြစ်သော မြန်မာသတင်းမီဒီယာလွတ်လပ်ခွင့် မြှင့်တင်ရေး၊ သတင်းသမားများ လုံခြုံရေးနှင့် အကာအကွယ် ရရှိရေး၊ မီဒီယာကျင့်ဝတ်များ ရေးဆွဲပြဌာန်းကာ လိုက်နာ ကျင့်သုံးရေး၊ သတင်းမီဒီယာကောင်စီ၏ တရားဝင် ရပ်တည်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ သတင်းမီဒီယာ ကောင်စီများနှင့် တရားဝင် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့ကို ညီလာခံတွင် ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့သည်။

ညီလာခံ ရည်ရွယ်ချက်များဖြစ်သည့် –

– လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဖွဲ့စည်းတည်ထောင်ခြင်း

– ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ကို ရေးဆွဲအတည်ပြုခြင်း

– အမှုဆောင်ကော်မတီဝင်များကို ရွေးကောက်တင်မြှောက်ခြင်း

– သတင်းမီဒီယာကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးအတည်ပြုခြင်း တို့ကို ဆောင်ရွက်နိုင်ခဲ့သည်။

ညီလာခံတွင် ကောင်စီ၏ အမှုဆောင်ကော်မတီဝင်များအဖြစ် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူး အပါအဝင် စုစုပေါင်း ကောင်စီဝင် ၁၀ဦးအား ရွေးကောက်တင်မြှောက်ခဲ့ သည်။

ဒီမိုကရေစီနည်းကျ ဖွဲ့စည်းလိုက်သော လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီသည် လွတ်လပ်သော သတင်းမီဒီယာများ၊ တိုင်းရင်းသားမီဒီယာများ၊ ဒေသအခြေပြုမီဒီယာများကို ကိုယ်စားပြုဖွဲ့စည်းထားသော တရားဝင် သတင်းမီဒီယာကောင်စီဖြစ်သည်။ ထို့အပြင် စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာကောင်စီ မှာ လွတ်လပ်သော မြန်မာသတင်းမီဒီယာများကို ကိုယ်စားမှုမရှိသည့်အတွက် တရားမဝင်သော အဖွဲ့အစည်း ဖြစ်ကြောင်း ညီလာခံတက်ရောက်သူများက သဘောတူဆုံးဖြတ်ခဲ့ကြသည်။

စစ်ကောင်စီက မတရားဖမ်းဆီးထိန်းသိမ်းထားသော သတင်းမီဒီယာသမားများအား ချွင်းချက်မရှိ လွှတ်ပေး ရန်လည်း ညီလာခံ တက်ရောက်သူများက တောင်းဆိုလိုက်သည်။

ဆက်သွယ်ရန်

နန်းဖော့ဂေ (ဥက္ကဌ) – ၀၉၂၆၀၆၇၆၃၁

တိုးဇော်လတ် (အတွင်းရေးမှူး) – ၀၈၀၆၈၃၄၂၄၀