ရက်စွဲ၊ ၂၀၂၄ ခုနှစ် မတ်လ (၁) ရက်။
၁။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့ နေ့လည် (၂) နာရီအချိန်ခန့်တွင် သတင်းသမားကိုဖိုးသီဟ အပါအဝင် (၇) ဦးကို ရခိုင်ပြည်နယ်အခြေစိုက် စစ်ကောင်စီခမရ (၃၇၈) တပ်ရင်းတွင် မတရားဖမ်းဆီး သတ်ဖြတ်ခံခဲ့ရခြင်းအတွက် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ( IPCM) ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
၂။ သတင်းသမား ကိုဖိုးသီဟ အပါအဝင် (၇) ဦးကို မြောက်ဦးမြို့ရဲစခန်း တွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရစဉ် တရားဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ စစ်ကောင်စီခမရ (၃၇၈) သို့ ပြောင်းလဲချုပ်နှောင်ပြီး၊ ယင်းတပ်ရင်းဆေးခန်းအနီးတွင် လူမဆန်စွာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ယင်းဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင် ကျူးလွန်ခဲ့သူ များ၏ ဖွင့်ဟဝန်ခံချက်များကို တွေ့မြင်ကြားသိခဲ့ရခြင်းအတွက် များစွာထိတ်လန့်တုန်လှုပ် ခဲ့ရပါသည်။
၃။ ၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှယနေ့ထိ ဖမ်းဆီးထိမ်းသိမ်းထောင်ချခံရသူ သတင်းသမားစုစုပေါင်း (၁၇၀)ဦးရှိပြီး သတင်းသမား (၁၁၈)ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန်သတင်းသမား ( ၅၂)ဦးမှာ အကျဉ်းထောင်အသီးသီးတွင် ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်ပါသည်။
၄။ အာဏာသိမ်းစစ်ကောင်စီသည် အပြစ်မဲ့သတင်းသမားများအပါအဝင် အရပ်သားများကို ဖမ်းဆီး သတ်ဖြတ်မှုများ၊ မတရားဥပဒေများဖြင့် ဖမ်းဆီးထောင်ချခြင်းများကိုကျူးလွန်ခဲ့ခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးကို ချိုးဖေါက်ခြင်းဖြစ်သည်။
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)