ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂) ရက်။
Development Media Group (DMG) သတင်းဌာနမှ သတင်းထောက်နှင့် ရုံးဝန်ထမ်းတစ်ဦးအပေါ် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ခြင်းအတွက် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ကြေညာခြင်း။
၁။ ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) သတင်းဌာနမှ သတင်းထောက် ကိုထက်အောင် နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီ၏ စစ်တွေမြို့နယ်တရားရုံး က ဇွန်လ (၂၈)ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)ဖြင့် အလုပ်နှင့်ထောင်ဒဏ် (၅) နှစ် ချမှတ်ခဲ့ခြင်းအပေါ် လွတ်လပ်သောမြန်မာ သတင်းမီဒီယာကောင်စီ (IPCM) မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။
၂။ DMG သတင်းထောက် ကိုထက်အောင်ကို ဆွမ်းဆန်စိမ်းလောင်းပွဲတွင် သတင်းဓါတ်ပုံရိုက်နေစဥ် ဖမ်းဆီးခံခဲ့ရပြီး DMG ရုံးကိုဝင်ရောက်စီးနင်းစဥ် ဝန်ထမ်း ကိုစိုးဝင်းအောင်ကို ဖမ်းဆီးခဲ့ပြီး သတင်းမီဒီယာသမားနှင့် မသက်ဆိုင်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ်ချမှတ်ခံရခြင်းသည် စစ်ကောင်စီက မတရားမှုကို ကျူးလွန်ခြင်းအဖြစ် IPCM ကရှုမြင်ပါသည်။
၃။ လွတ်လပ်သော သတင်းမီဒီယာသမားများသည် လွတ်လပ်စွာ ထုတ်ဖေါ်ရေးသားခြင်းနှင့် ပြည်သူလူထုကို သတင်းမှန်များ သိပိုင်ခွင့်ရှိအောင် ဆောင်ရွက်နေသူများသာဖြစ်ပြီး မည်သည့် အကြမ်းဖက်မှုများ ကို ကျူးလွန်မည့်သူများ မဟုတ်ကြပါ။
၄။ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့စစ်ကောင်စီမှအာဏာသိမ်းပြီးနောက် ယနေ့ထိ ဖမ်းဆီး ထိန်းသိမ်းထောင်ချခံရသူ သတင်းသမား စုစုပေါင်း (၂၀၀) ကျော်ရှိ၍ အချို့မှာ ပြန်လည်လွတ်မြောက်လာပြီး (၅၀)ဦးမှာ ယနေ့ထိ အကျဥ်းထောင်အသီးသီးတွင် ထောင်ဒဏ် ကျခံနေရဆဲ ဖြစ်ပါသည်။
၅။ အာဏာသိမ်းစစ်ကောင်စီသည် အပြစ်မဲ့သတင်းသမားများအပါအဝင် အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှုများ၊ မတရားဥပဒေများဖြင့် ဖမ်းဆီးထောင်ချခြင်းများကို ကျူးလွန်ခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးကို ချိုးဖေါက်ခြင်းဖြစ်သည်။
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)
ဆက်သွယ်ရန်-
နန်းဖော့ဂေ (ဥက္ကဌ) – ၀၉၂၆၀၆၇၆၃၁
တိုးဇော်လတ် (အတွင်းရေးမှူး) – ၀၈၀၆၈၃၄၂၄၀
