မီဒီယာ လုံခြုံရေးနှင့် အကာအကွယ်ပေးရေးအစီအစဉ်
သတင်းသမားများ အရေးပေါ် ရွှေ့ပြောင်းရခြင်းနှင့် မြန်မာနိုင်ငံ ပြင်ပ တွင် သတင်းမီဒီယာ လုပ်ငန်း ဆက်လက်လုပ်ကိုင်နိုင်ရန် နှင့် တရားဝင်နေထိုင်ခွင့် အထောက်အထား အတွက် အကူအညီပေးရန် လျှောက်လွှာခေါ်ယူခြင်း။
ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်။
၁။ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်အာဏာသိမ်း ပြီးချိန်မှ စတင်ပြီး၊ စစ်အုပ်ချုပ်ရေး အောက်တွင် ဖိနှိပ်မှုမျိုးစုံ နှင့် မြန်မာပြည်သူများ ကြုံတွေ့ ခံစားခဲ့ရသည့် နည်းတူ သတင်းမီဒီယာအပေါ် ဖိနှိပ်ခြင်းများကိုလည်း အသွင်ပြောင်းအစိုးရ လက်ရှိကာလအထိ ဆက်တိုက် ဖိနှိပ်ခဲ့သဖြင့် သတင်းမီဒီယာသမားများမှာ အဆိုးဆုံး အခြေအနေ နှင့် ရင်ဆိုင်ခံစား နေကြရသည်။
၂။ စစ်အုပ်စု၏ မတရား ဖိနှိပ်မှုကြောင့် ပြည်တွင်းတွင် သတင်းလုပ်ငန်းများ ဆက်လက် လုပ်ဆောင်ရန် အခက်အခဲများ နှင့် ရင်ဆိုင် ကြုံတွေ့ကြရပြီး သတင်းသမား အများအပြားမှာ ပြည်ပနိုင်ငံများ၊ နယ်စပ်ဒေသ များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အချို့မှာ မြန်မာနိုင်ငံအတွင်း အခက်အခဲမျိုးစုံ ရင်ဆိုင် ကြံ့ကြံ့ခံကာ သတင်းမီဒီယာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြရသည်။



၃။ မြန်မာနိုင်ငံပြင်ပသို့ ရောက်ရှိနေထိုင်နေကြရသည့် သတင်းသမားများမှာလည်း တရားမဝင်နေထိုင်မှုကြောင့် ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရနိုင်ခြင်း၊ အလုပ်လုပ်ကိုင်ခွင့် အထောက်အထားမရှိခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု မရရှိခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။
၄။ လက်ရှိကာလတွင် မိမိ၏သတင်းရေးသားမှု (သတင်းမီဒီယာလုပ်ငန်း) ကြောင့် ဖမ်းဆီးခြင်းခံရခြင်းမှ လွတ်မြောက်ရန် အရေးပေါ်ရွှေ့ပြောင်းနေထိုင်ရသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသော သတင်း မီဒီယာသမားများကို တတ်နိုင်သမျှ ကူညီထောက်ပံ့ရန် လိုအပ်ပါသည်။
၅။ အကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံပြင်ပတွင် တရားမဝင်နေထိုင်ပြီး သတင်းမီဒီယာ လုပ်ငန်း ဆက်လက် လုပ်ကိုင်မည့် သတင်းမီဒီယာသမားများ ဘေးကင်း လုံခြုံစွာနေထိုင်နိုင်ရေးအတွက် တရားဝင်အထောက်အထား ရရှိရန် မှာ အရေးကြီးပါသည်။
၆။ ထိုကဲ့သို့ မြန်မာနိုင်ငံပြင်ပတွင် ဘေးကင်းလုံခြုံစွာနေထိုင်ပြီး အလုပ်လုပ်ကိုင်နိုင်ရန် တရားဝင် အထောက် အထား ရရှိရေးအတွက် အကူအညီ ပေးအပ်ခြင်း၊ မိမိ၏ သတင်းကိစ္စကြောင့် အရေးပေါ် ရွှေ့ပြောင်းရမည့် သတင်း မီဒီယာသမားများအား အကူအညီများ ပေးအပ်နိုင်ရန်အတွက် IPCM ၏ မီဒီယာလုံခြုံရေးနှင့်အကာအကွယ်ပေးရေး အစီအစဉ်မှ အရေးပေါ်ရွှေ့ပြောင်းနေထိုင်ရခြင်း အတွက် အကူအညီ နှင့် နိုင်ငံပြင်ပတွင် တရားဝင် နေထိုင်ခွင့် အထောက်အထား ရရှိရန် အတွက် အကူအညီလိုအပ်နေသော လက်ရှိ သတင်းမီဒီယာလုပ်ငန်းကို ဆက်လက် လုပ်ကိုင်နေသူ သတင်းမီဒီယာသမားများ လျှောက်ထားနိုင်ပြီး အောက်ပါအကူအညီများ ပေးအပ်သွားမည် ဖြစ်ပါသည်။
၇။ အရေးပေါ်အကူအညီပေးမည့်အစီအစဉ်များ။
သတင်းမီဒီယာသမား တစ်ဦးချင်းအတွက် –
• လတ်တလော မိမိ၏ သတင်းရေးသားမှုကြောင့် ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ရန် အရေးပေါ်ရွှေ့ပြောင်း နေထိုင်မှု (ပြည်တွင်း – ပြည်ပ) အတွက် ကုန်ကျစရိတ် ကူညီထောက်ပံ့ခြင်း။
• မြန်မာနိုင်ငံပြင်ပတွင်တရားဝင်နေထိုင်အလုပ်လုပ်ခွင့်အတွက်အထောက်အထားရရှိရန် ကူညီ ထောက်ပံ့ခြင်း။
၈။ အရေးပေါ်အကူအညီအတွက် အခြေခံသတ်မှတ်ချက်။
• ၂၀၂၆ ခုနှစ်၊ ဇွန်လ နောက်ပိုင်းတွင် သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်နေပြီး၊ လတ်တလော မိမိ၏ သတင်းကိစ္စ ကြောင့် အသက်အန္တရာယ် သို့မဟုတ် မိမိ၏ လုံခြုံရေး ခြိမ်းခြောက်ခံရခြင်း၊ ဖမ်းဆီးခံရခြင်း ဘေးမှ လွတ်မြောက်ရန် အရေးပေါ် ရွှေ့ပြောင်း (ပြည်တွင်း-ပြည်ပ) ရမည့် သတင်းမီဒီယာသမားများ။
• မြန်မာနိုင်ငံ ပြင်ပတွင် တရားဝင် နေထိုင်ပြီး သတင်းမီဒီယာလုပ်ငန်းကို ဆက်လက် လုပ်ကိုင်နိုင် ရန် တရားဝင် အထောက်အထား ရရှိရေးအတွက် အကူအညီ လိုအပ်နေသော သတင်းမီဒီယာသမားများ။
၉။ လျှောက်ထားရန်အတွက် လိုအပ်ချက်များ။
• ၂၀၂၆ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလ (၃) လ အတွင်း မိမိကိုယ်တိုင် ရေးသားပြီး ထုတ်လုပ် ထားသော သတင်းလင့် (၃) ခု တင်ပြရန် လိုအပ်သည်။
• ထောက်ပံ့ကူညီမှုရယူမည့် သတင်းမီဒီယာသမား၏ နောက်ခံအချက်အလက်နှင့် မိမိအကြောင်း (Background Information and Profile) တင်ပြနိုင်ရမည်။
• အမှန်တကယ် အကူအညီလိုအပ်ကြောင်းကို ထောက်ခံပေးမည့် မိမိလုပ်ကိုင်ရာ သတင်းဌာန၏ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အလွတ်တန်းသတင်းသမားဖြစ်ပါက မိမိသတင်းရေးသားပေးပို့နေသော သတင်းဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၏ ထောက်ခံချက် တင်ပြရမည်။
၁၀။ လျှောက်လွှာများကို IPCM အလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်များ၊ လွတ်လပ်သော သတင်း မီဒီယာ နယ်ပယ်မှ ပုဂ္ဂိုလ်များ ပါဝင်သော အရေးပေါ် ကူညီထောက်ပံ့မှု စိစစ်ရေးကော်မတီမှ စိစစ် ဆုံးဖြတ်မည်။
မှတ်ချက်။ ။ လျှောက်ထားမည့် သတင်းမီဒီယာသမားများ အနေနှင့်ဤကြေညာချက်ပါ အခြေခံ သတ်မှတ်ချက် များကို သေချာစွာဖတ်ရှုပြီး အောက်ဖေါ်ပြပါလင့်တွင် မိမိကိုယ်တိုင် ဝင်ရောက် ဖြည့်စွက်ပေးရန် မေတ္တာရပ်ခံ ပါသည်။
လျှောက်လွှာရယူရန် လင့်ခ် – https://support.ipcmyanmar.org
အလုပ်အမှုဆောင်ကော်မတီ
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)
လျှောက်လွှာ တွင် ထည့်သွင်းရမည့် Passcode အား IPCM Facebook Page Messenger တွင် တောင်းခံ နိုင်ပါသည်။
ဆက်သွယ်ရန် –
ကိုကိုဇော် (ဥက္ကဌ) – (Signal) +959255803262
တိုးဇော်လတ် (အတွင်းရေးမှူး) – (Signal) +66806834240