09922044991 info@ipcmm.org

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဖွဲ့စည်းမှုအား ကန့်ကွက်ရှုတ်ချခြင်း

ရက်စွဲ။ ။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်

၁။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက် နေ့စွဲဖြင့် အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဖွဲ့စည်းခြင်းကို ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီ ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီသည် လွတ်လပ်သော မြန်မာသတင်းမီဒီယာသမားများအား ကိုယ်စားမပြုဘဲ စစ်ကောင်စီ သက်ဆိုးရှည်ရေး ဝါဒဖြန့်ချိရေးယန္တရား ပိုမိုခိုင်မာစေရန်နှင့် နိုင်ငံတကာကို သတင်းမှားဖြန့်ချိရေးလုပ်ဆောင်ရန်အတွက် ဆောင်ရွက်ရန်သာဖြစ်မည်ဟု လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)က သုံးသပ်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။

၂။ ယခုဖွဲ့စည်းခဲ့သည့် စစ်ကောင်စီ၏ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ဦးတင်ထွန်းဦး သည် စစ်တပ်လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ခံကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပြီး အတွင်းရေးမှူး ဦးအေးချမ်း မှာလည်း ရေတပ်စစ်ဦးစီးချုပ်ဟောင်း၏ သားဖြစ်ကြသည်ကို ထောက်ရှုခြင်းအားဖြင့် စစ်ကောင်စီအကျိုးစီးပွားကိုသာ ကာကွယ်ပေးပြီး သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်းသမားများ လုံခြုံရေးအတွက် မည်သို့မျှရပ်တည် လုပ်ဆောင်နိုင်လိမ့်မည်ဟု မိမိတို့ မယုံကြည်ပေ။

၃။ မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း သတင်းထောက် သုံးဦး ထပ်မံ အသတ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ စစ်တပ် က အာဏာသိမ်းပြီးချိန်မှ ရေတွက်လျှင် စုစုပေါင်း ရှစ်ဦးအထိ ရှိလာခဲ့သည်။ ထို့ကြောင့် Committee to Protect Journalists (CPJ) က 2024 Global Impunity Index တွင် အဆင့် ၁၀ သတ်မှတ်ခဲ့သည်။

၄။ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ယနေ့ထိ ဖမ်းဆီး ထိန်းသိမ်း ထောင်ဒဏ်ချမှတ်ခံထားရသူများအနက် သတင်းသမား (၅၀) ဦးမှာလည်း ယနေ့အထိ အကျဉ်းထောင်အသီး သီးတွင် မတရားသော ပြစ်ဒဏ်ကို ကျခံနေရဆဲ ဖြစ်သည်။ ထို့အပြင် နိုင်ငံကို စွန့်ခွာတိမ်းရှောင်ရသော သတင်းမီဒီယာသမား အများအပြားလည်း ရှိနေသည်။

၅။ ထို့ကြောင့် သတင်းမီဒီယာများ၊ သတင်းသမားများကာကွယ်ရေးနှင့် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဆောင် ရွက်နေကြသည့် ဒေသတွင်းနှင့် နိုင်ငံတကာရှိ အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီလက်အောက်ခံ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီကို အသိအမှတ်မပြုဘဲ သတင်းစာလွတ်လပ်ခွင့်နှင့် သတင်းသမားများ လုံခြုံ ရေးအတွက် ရည်ရွယ်၊ ဖွဲ့စည်း၊ ရပ်တည်လုပ်ဆောင်နေသည့် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)နှင့်သာ ဆက်သွယ်ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းတောင်းဆိုအပ်ပါသည်။

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)

ဆက်သွယ်ရန်-

နန်းဖော့ဂေ (ဥက္ကဌ) – ၀၉၂၆၀၆၇၆၃၁

တိုးဇော်လတ် (အတွင်းရေးမှူး) – ၀၈၀၆၈၃၄၂၄၀

facebook