09922044991 info@ipcmm.org

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)၏

ဒုတိယအကြိမ် အထွေထွေညီလာခံ သတင်းထုတ်ပြန်ချက်

၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် ။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(Independent Press Council Myanmar – IPCM)၏ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံကို ၂၀၂၆၊ ဇန်နဝါရီလ ၁၇ရက်နှင့် ၁၈ရက်နေ့များတွင် ကျင်းပပြု လုပ်ခဲ့ရာ IPCM အဖွဲ့ဝင်များ၊ မိတ်ဖက်သတင်းဌာနများ၊ မြန်မာသတင်းမီဒီယာအစုအဖွဲ့များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၀ကျော် တက်ရောက်ခဲ့ကြသည်။

နှစ်ရက်တာ ကျင်းပသည့် ညီလာခံ၌ လာမည့်သက်တမ်းတွင် တာဝန်ထမ်းဆောင်သွားကြမည့် အလုပ်အမှု ဆောင်ကော်မတီဝင်များကိုလည်း ညီလာခံတက်ရောက်သူ အဖွဲ့ဝင်ကိုယ်စားလှယ်များက မဲပေးရွေးချယ်ခဲ့ ကြသည်။ ရွေးကောက်ပွဲရလဒ်အရ သတင်းဌာနကိုယ်စားပြု (၉)ဦး၊ အလွတ်တန်းသတင်းထောက်ကိုယ်စား ပြု (၃)ဦးနှင့် မီဒီယာကျွမ်းကျင်သူ (၂)ဦး၊ စုစုပေါင်း (၁၄)ဦးတို့ကို ရွေးကောက်တင်မြှောက်ခဲ့ကြပြီးနောက် ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့ကို အလုပ်အမှုဆောင်ကော်မတီ ဝင်များက ထပ်မံ ရွေးချယ်ခဲ့ကြသည်။

အထွေထွေညီလာခံတွင် IPCM ၏ ၂၀၂၄ နှင့် ၂၀၂၅ခုနှစ်၊ (၂)နှစ်တာ လုပ်ငန်းစဉ်များကို အစီရင်ခံတင်ပြခြင်း၊ မွမ်းမံပြင်ဆင်ထားသည့် ဖွဲ့စည်းပုံကို တင်ပြဆွေးနွေး အတည်ပြုခြင်း၊ ဌာနေတိုင်းရင်းသားဘာသာစကားနှင့် သတင်းမီဒီယာ၊ သတင်းမီဒီယာလုပ်ငန်းခွင်အတွင်း နည်းမျိုးစုံဖြင့် လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု တားဆီး ကာကွယ်ရေးဆိုင်ရာ မူဝါဒကို တင်ပြဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ၂၀၂၅ အလွန် လွတ်လပ်သောသတင်းမီဒီယာအခန်းကဏ္ဍအတွက် “အနာဂတ် မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသမားများ ဘေးကင်းလုံခြုံရေးနှင့် လွတ်လပ်သော သတင်း မီဒီယာများ ရှင်သန်ရေး၊ ရေရှည်တည်တံ့ရေး အလားအလာ” စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ ကြသည်။

IPCM ၏ ဒုတိယအကြိမ် အထွေထွေညီလာခံသို့ တက်ရောက်လာကြသည့် လွတ်လပ်သော မြန်မာသတင်း မီဒီယာကိုယ်စားလှယ်များက အောက်ပါအတိုင်း တိုက်တွန်းတောင်းဆိုလိုက်သည်။

• မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော သတင်းမီဒီယာသမား (၂၇)ဦး ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်

• သတင်းထောက်များကို ပစ်မှတ်ထား ဖမ်းဆီးခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းနှင့် ထောင်ဒဏ်ချမှတ်ခြင်း များကို ချက်ချင်း ရပ်တန့်ပေးရန်

• လက်နက်ကိုင် ပဋိပက္ခကြား သတင်းသမားများ လုံခြုံစွာ သတင်းရယူပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားပိုင်ခွင့်များကို လေးစားအသိအမှတ်ပြုရန်

• အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် သတင်းသမားများ ဘေးကင်းလုံခြုံရေးနှင့် အကာအကွယ် ရရှိရေးအတွက် အလေးထားကာ ပူးပေါင်းဆောင်ရွက်ရန်

• နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လွတ်လပ်သောမြန်မာသတင်းမီဒီယာများ ဆက်လက် ရှင်သန်ရေးနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးရန်

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)

ဆက်သွယ်ရန်

၁) ကိုကိုဇော် (ဆစ်ဂနယ် – +၉၅ ၉၂၅၅၈၀၃၂၆၂)

၂) တိုးဇော်လတ် (ဆစ်ဂနယ် – +၆၆ ၈၀၆၈၃၄၂၄၀)

https://www.facebook.com/share/p/1DYz4N9KvM